Showing posts with label မြန်မာကဗျာစုစည်းမှု. Show all posts
Showing posts with label မြန်မာကဗျာစုစည်းမှု. Show all posts

Wednesday, August 12, 2015

ငါဟာ...

ငါဟာ 
တစ်ခါတလေဆို
ကြိုးပြတ်နေတဲ့ ဂီတာတစ်လက်လို...

တစ်ခါတလေဆို
သံစဉ်မဲ့ ကဗျာတစ်ပုဒ်လို...

တစ်ခါတလေဆို
ခေါင်းစဉ်မဲ့ အင်ဆေးတစ်ပုဒ်လို...

တစ်ခါတလေဆို
တောင်ပံကျိုးငှက်တစ်ကောင်လို...

တစ်ခါတလေဆို
ဆွံ့အ,နေတဲ့ လူတစ်ယောက်လို...

တစ်ခါတလေဆို
ကန္တာရက ရေဆာနေတဲ့ လူတစ်ယောက်လို...

တစ်ခါလေဆို
စက်ရုပ်တစ်ရုပ်လို...

တစ်ခါတလေဆို
ပြတိုက်ထဲက လူသားတစ်ယောက်လို...

တစ်ခါတလေဆို
သဲကန္တာရထဲက သဲပွင့်လေးတစ်ပွင့်လို...

တစ်ခါတလေဆို
စမ်းရေအိုင်ထဲက ရေတစ်စက်လို...

တစ်ခါတလေဆို
ကြွေလွင့်နေတဲ့ ရွက်ဝါလေးတစ်ရွက်လို...

တစ်ခါတလေဆို
ဝေဟင်မှာ လွင့်နေတဲ့စက္ကူစွန်ကလေးလို...

တစ်ခါတလေဆို...
တစ်ခါတလေဆို...
တစ်ခါတလေဆို....
____အကောင်ချေ (ကျောက်ရိုး)
၂၄-၀၇-၂၀၁၅
၁၁:၅၉ အေအမ်

Thursday, November 17, 2011

အတူတကွ

အတူတကွ

အတူတကွ၊ ရှိနေကြခိုက်
မိဘကျေးဇူး၊ ဆပ်တုံ့ဦးလော့။

အတူတကွ၊ ရှိနေကြခိုက်
ဆရာကျေးဇူး၊ ဆပ်တုံ့ဦးလော့။

အတူတကွ၊ ရှိနေကြခိုက်
ချစ်စကိုရှည်၊ ရန် မာန်ပြေလျက်
မိတ်ဆွေချင်းချင်း၊ ချစ်ရိုင်းပင်းလော့။

အတူတကွ၊ မရှိကြဘဲ
သူကတစ်ရွာ၊ ကိုယ့်မှာတစ်မြေ
ခြားနားလေမှ၊ လွင့်ကြွေတိမ်းပါး
ကာလများသို့၊ ပြန်သွားချင်လို
လွမ်းအားပိုသော်၊
အလိုဆန္ဒ၊ မပြည့်ဝဘဲ
တမ်းတခြင်းသာ၊ အသည်းလွှာဝယ်
ဒဏ်ရာအဖြစ်၊ ထင်ကျန်ရစ်ကာ
အချစ်ပျောက်ဆုံး တတ်လေသည်။
.....o.......
မြင်းမူ မောင်နိုင်မိုး

မြဝတီမဂ္ဂဇင်း (၁၉၉၄-ဖေဖော်ဝါရီလ)

Wednesday, November 16, 2011

မြတ်ဆရာ

သာသနာရေး မျှော်ကာတွေး
နေ့ညမပြတ် ချိန်မလပ်
စာပေပို့ချလာ မြတ်ဆရာ။

ကျမ်းဂန်ပိဋကတ် ပရိယတ်
တတ်မြောက်ပါဘိ မြတ်ကဝိ
ကုန်တတ်သိတာ မြတ်ဆရာ။

တပည့်သံဃာ များသိဿာ
ကြောရင်မခွဲ တသားတည်း
စိတ်ထဲထားတာ မြတ်ဆရာ။

သြော်...
သီလသမာဓိ ကောင်းသောရနံ့
မြန်ပြည်နှံ့တွင် သင်းပြန့်လှိုင်သည့်
အာစရိယာ မြတ်ဆရာကို
အာရုံပြုကာ ကျွန့်ရင်မှာကား
ကြည်ညိုသဒ္ဓါ စေတနာဖြင့်
ပူဇပူဇာ လက်ဆယ်ဖြာကို
ဦးထိပ်ပန်သ ပဏာမဖြင့်
ဝတ်တွားလျှက်ပါ မြတ်ဆရာ။
.............................
ဦးဣန္ဒောဘာသ
၁၉-၀၂-၂၀၀၄

မှတ်ချက်။ ။ ၂၀၀၄ ခုနှစ်က ကျောက်ဖြူမြို့ နဂါးကျောင်းဆရာတော် အသျှင်စက္ကိန္ဒ၏ အဂ္ဂမဟာပဏ္ဍိ ဂုဏဝိသေဋ္ဌ ပူဇာ စာစောင်မှ

မျက်ရည်ထိမ်း၍ ဇာတ်သိမ်းခဲ့သူ

မျက်ရည်ထိမ်း၍ ဇာတ်သိမ်းခဲ့သူ
~~~~~~~~~~~~~~~~~
ကိုယ်ကချစ်လည်း ဖွင့်မရဲမို့
အသဲနာနာ မလွှဲသာ၍
ခွဲခွါခဲ့ရ ကိုယ့်ဘဝသည်
သောကလည်းကြုံ ရင်တွေခုန်ကာ
မေတ္တာဘုံနန်း ချစ်စခန်းမှ
လာလမ်းရှိရာ ပြန်ခဲ့တယ်။
.................
(ကြိုက်လွန်းလို့ ဒိုင်ယာရီထဲမှာ ရေးမှတ်ထားသော ကဗျာတစ်ပုဒ်)

လွမ်းချင်းဘယ်သူ ကူမှာလဲ

လွမ်းချင်းဘယ်သူ ကူမှာလဲ
~~~~~~~~~~~~~~
မျက်ရည်မြစ်ကမ်း
အလွမ်းသဲသောင်
သောကဖောင်ဖွဲ့
မျောလွင့်ခဲ့ပြီ....။
နေခြည်မှေးမှိတ်
ညအရိပ်ထဲ
လူသူလည်းကင်း
အမှောင်တွင်းမှာ
လွမ်းချင်းဘယ်သူ
ကူမှာလဲ....။
...........
(ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက မှတ်စုစာအုပ်ထဲမှာကူးမှတ်ထားသော ကဗျာတစ်ပုဒ်)

မင်းမှ မင်း

မင်းမှ မင်း
 .........

ကောင်လေးရယ်...
သတိရတိုင်းသာ လှိုင်းတွေ ထမယ်ဆို
ငါ့ရင်ခွင် ကမ်းပြိုတာ ကြာပြီပေါ့
ပြောနေကြ စကား တစ်ခွန်းကိုပဲ
ပြောချင်ပေမယ့် မင်း မကြိုက်မှာ စိုးမိတယ်။

ကောင်လေးရယ်...
တို့နှလုံးသားထဲကို ပူလောင်မှု တစ်ခု
မင်း ဘာကြောင့် ထည့်ပေးရတာလဲကွာ
နောက်တစ်လှမ်း ဆုတ်လိုက်ပြီး
ရှေ့နှစ်လှမ်း တိုးမိတဲ့ ကိုယ့်အဖြစ်က
မင်းအတွက် ရယ်စရာ ကောင်းနေသလား ဟင်...
သတိရမိတဲ့အခါ မင်းရင်ခွင်ထဲ
ခေါင်းလေး တိုးဝင်ချင်မိတယ်
ကောင်လေးရယ်...။
 ............
စန္ဒာ(လားရှိုး)
......
The Light of English မဂ္ဂဇင်း အမှတ် (၁၅၈) မှကူယူးခြင်းဖြစ်ပါသည်။

အလွမ်းရေစီး

အလွမ်းရေစီး
.............
ဘယ်လိုကျော့ခိုင်း
ရိုးမတောင်တံတိုင်းရဲ့တစ်ဖက်မှာ
သွက်လက်စွာ ကကြိုးဖွဲ့စီးဆင်း
အလင်္ကာသီချင်းဆိုသီ
ဂစ္ဆပနဒီကိုလည်း လွမ်းတယ်။

ဘယ်လိုဘဲရောက်ရောက်
ကျောက်တော်,မြောက်ဦး
မဟာမုနိကို ဖူးမျှော်
သျှစ်သောင်းတော် ဂူဘုရား
မာန်ငါးပါးနဲ့ ဒုက္ကန်သိမ်
ဂုဏ်ရှိန်မြင့်မားခဲ့ အတိတ်ကြောင်း
ပုံရပ်ဟောင်းတွေကိုလည်း လွမ်းတယ်။

ဘယ်မှာပဲရှိရှိ
မိုးကုပ်စက်ဝိုင်း၏အဆုံး
နေလုံးနီနီမှေးတင်
ကောင်းကင်မှာ ပုစွန်ဆီရောင်လူး
ဇင်ရော်ငှက်ကလေးတွေမြူးလို့
သုတ်ဖြူးလေပြေ တဖျန်းဖျန်းနဲ့
“ပွိုင့်”ညနေချမ်းကိုလည်း လွမ်းတယ်။

ဒီလိုနဲ့ ငါ
တနယ်တကျေးမှာ အနေကြာ
ကိုယ့်ရွာ ကိုယ့်ဓလေ့
ပြန်ပြောင်း အောက်မေ့သတိရ
လွမ်းတနေရုံမှတစ်ပါး......။
စိတ်သွားတိုင်း ကိုယ်မရောက်
ခရီးထောက်ရတဲ့အဖြစ်
ပြန်လည်တွက်စစ်တော့
အနှစ်သုံးဆယ် ကျော်ခဲ့ပါပကော။ ။
..............
    မင်းနီခိုင်(မောင်တော)

http://kyaukphrunet.blogspot.com/မှ

Tuesday, November 15, 2011

ရွက်ကျပင်ပေါက်


အပူချိုးမင်း .. ဖဲကူခြင်းလော
နေမင်းရေသောက် .. ရောင်ခြည်ပျောက်လည်း
တွေးကြောက်မည်တော့ မဟုတ်ပါ ။
*
ကိုရွှေဖားပျို .. တေးမဆိုထင့်
တိမ်ညိုမလာ .. မိုးမရွာလည်း
ရင်နာမည်တော့ မဟုတ်ပါ ။
*
နန်းထိုင်သဇင် .. လွမ်းရိပ်ဆင်ဖို့ 
ငွေမျှင်ပုလဲ .. အလာကြဲလည်း
ဝမ်းနဲ ( နည်း ) မည်တော့ မဟုတ်ပါ ။
*
နွေမိုးဆောင်းမည် .. လရာသီတို့ 
အကြိမ်ကြိမ်ဖေါက် .. အစွမ်းပျောက်လည်း
မကြောက်သတ္တိ .. “ အစဉ် ” ရှိလျှက်
အမိမြေမှ .. ရုန်းကန်ထ
ရွက်ကျပင်က .. တရားပြ
လူးသားလောက .. မြင်ပါကြ
လောကတာဝန် .. ကျေပြွန်စွ
သဘာဝရဲ့  သူ့ အလှ..။။။
*
ထွန်းရမ္မာထွန်း ( ဘ၀တက္ကသီလာ )
(ဝတီကြေးမုံဘလော့မှ)

သီးကင်းကြွေ

" တ"စာရင်းစာတအုပ်နဲ့ ... အနုတ်ပုစ္ဆာတွေ နေ့ စဉ်တွက်
ကျေးလက်ကျောင်းဆရာ ... စေတနာလူမသိပေမယ့်
ဝေဒနာအပူတွေမိခဲ့ပေါ့...။
နေ့ စဉ်..................
မြင်နေကျမျက်နှာများ
ကျောင်းမှာမရှိ ချောင်းမှာရှိ
ရွာထဲမရှိ ယာထဲရှိ
တောင်မှာလည်းရှိ တောမှာရှိ
ကျောင်းမှာမရှိ ဆရာသိ...။
ဈေးဗန်းရွက်သူရွက်
လှော်တက်ကိုင်သူကိုင်
အိုင်ပက်သူပက်
ဟင်းရွက်ခူးသူခူး....
ဆရာလာလမ်း ... ဖြတ်မသန်းဝံ့
ဈေးဗန်းကိုင်ဆုပ် ... ငုတ်တုတ်ကလေး
ငေးနေသူတချို့ ...........................၊
ဖျံလိုက်သူလိုက်
ဖါးရိုက်သူရိုက်
စပါးစိုက်သူစိုက်
အငှားလိုက်သူလိုက်...။
မလွှဲရှောင်သာ ... ဆရာနဲ့ တိုး
ညှိုးငယ်အားနာစွာ ... မျက်လွှာငုံ့ ချ
လမ်းဘေးကတိမ်း ... ခပ်စိမ်းစိမ်းတချို့ ......၊
ငါးရောင်းသူရောင်း
နွားကျောင်းသူကျောင်း
စပါးထောင်းသူထောင်း
ကျောင်းရှေ့ ဖြတ်သန်း ... ခြေလှမ်းမသွက်
ကွက်ကြည့်ကွက်ကြည့် ... စိတ်၏နေရာ
ကျောင်းမှာကျန်ဆဲ ... ကြေကွဲဖွယ်တချို့ ......၊
တချို့ ......
တချို့ .....
ဆရာ့မှာ...
ကျွေးစရာမရှိ
ပြေးစရာမရှိ
မေးစရာမရှိ
တွေးစရာတွေသာ ( ရင်မှာ ) အပြည့်...၊
အမေတယ်မယ့်ထမင်းအိုး
ထင်းချောင်းလေးတချောင်း ချိုးထည့်ဖို့ 
ကြိုးစားနေကြသလား ... တပည့်တို့ ရယ်......။။။။
****
နောင်အေး ( အနောက် )
(ဝတီကြေးမုံဘလော့မှ)

သာလေစွ


ငါ့စကားဝယ်၊ ၀ိုးဝါးမပီ
မုန်တိုင်းမှီ၍၊ လှိုင်းဒီသံနှော
ခက်မာကြောစွ၊ သဘောထိုသို့ 
အသင်တို့ က၊ နှစ်မြို့ မရှိ
ကဲ့ရဲ့ ဘိလည်း၊ ပျောင်းအိငြိမ့်လှ
ဗေလုဝသို့ ၊ ငါ့တွင်ချမ်းမြ
သာလေစွ....။
*
ငါ့စာပေ၀ယ်၊ မြေရိုင်းရုန့် ရင်း
တောင်ကျင်းပြောပြော၊ တောတိနက်ရှိုင်း
အလွန်ရိုင်းစွ၊ မနှိုင်းအပ်ရာ
နှိုင်းစရာကို၊ ရှာကြံသင်တို့ 
အပြစ်ဖို့ လည်း၊ ပျို့ ပျို့ သြဇ
နသုဒ္ဓသို့ ၊ ငါ့တွင်ချမ်းမြ
သာလေစွ...။
*
ငါ့မြေချာဝယ်၊ လဟာသောင်ကျယ်
စိုက်ခွင်းကျယ်၍၊ ချစ်ဖွယ်သာယာ
ကင်းဝေးကွာစ၊ တန်ရာတန်ဖိုး
မသိနိုးသူ၊ သင်ညည်းညူလည်း
သူဇာ့သခင်၊ စိုးစံရွှင်ပ
အမရသို့ ၊ ငါ့တွင်ချမ်းမြ
သာလေစွ...။။
*****
အောင်စုံ
မှတ်ချက်။ ။ ၁၉၆၀ ခုထုတ် ရန်ကုန်တက္ကသိုလ် ရခိုင်တန်ဆောင်ရဲ့  အဖွင့်ကဗျာ
(ဝတီကြေးမုံဘလော့မှ)

အမျိုးနှင့် သီလဂုဏ်စောင့်

မြေမြို၍ လူမျိုးမပြုတ် ... စကားငုတ် ဖွေရှာ
လူမြိုလျှင် အကုန်လုံး ... ပျက်သုဉ်းမည်သာ
မျိုးမစောင့် သူတို့ မှာ ... စွဲမြဲစွာမှတ်ထား
သမိုင်းတွင် တကယ်ရှိ ... သိသင့်တကား...။။
*
အမျိုးဂုဏ် စောင့်သီလ ... ထိန်းကြမှ တော်မည်
" အာရက္ခ " ဂုဏ်အဆင့် ... မြှင့်ဖို့ တန်ပြီ
မျိုးချစ်သစ်အလီလီ ... စာစီလို့ မှာကြား
စကား၊ စာ၊ ဘာသာအကျိုး ... တိုးသင့်တကား...။။
*
" အက္ခိတ္တော အနုပက္ကုဌော ဇာတီဝါဒေန " ... မြတ်ဗုဒ္ဓဒေသနာ
အမျိုးစောင့် ထိုတရား ... မိန့် ကြားခဲ့တာ
ဇာတိနှင့် လူမျိုးဟာ ... သမိုင်းမှာထင်ရှား
မကဲ့ရဲ့  မပယ်အပ် ... သိမှတ်လို့ ထား...။။
*
ကိုယ့်ဇတိ ကိုယ့်ဗီဇ ... ပယ်ကြမည်ဆိုပါလျှင်
မျိုးပျက်ကာ ဂုဏ်မတောက် ... ချုပ်ပျောက်မည်ပင်
ဂုဏ်နိမ့်လို့  လူရာမ၀င် ... သမိုင်းတွင် နိမ့်ကျ
သူတပါး လူမျိုးအောက် ... ဒူးထောက်လို့ ခ...။။
*
" အာရက္ခ " တို့ ဒေသ ... ရှေးကျတဲ့ နေရာ
ရာဇ၀င် သမိုင်းကြောင်း ... ကောင်းခဲ့မှန်စွာ
ထီနန်းနှင့် မြို့ ပြည်ရွာ ... သာသနာ ပွင့်လန်း
စာပေနှင့် ယဉ်ကျေးမှု ... ပေါင်းစုပေါ်ထွန်း...။။
*
အမျိုးကို စောင့်တာကြောင့် ... " အာရက္ခ " ထင်ပေါ်
" အာရက္ခိုင် " စကားစုမှ ... " ရက္ခိုင် "ဟုကျော်
" ရက္ခိုင် "မှ " ရခိုင် "ခေါ် ... ပေါ်လွင်လို့ ထင်ရှား
ယခုတိုင် ဂုဏ်သကတ်နှင့် ... မြတ်ခဲ့တကား...။။။။
*
ဒွါရာဝတီ အသျှင်ကုသလ


(ဝတီကြေးမုံဘလော့မှ) 

သဇင်လက်ဆောင်

၁။
အနောက်ရိုးမ တောနက်မှလျှင်
ထူးစွနက်နဲ ခက်ခဲတွေ့ ရ
ဝါလွလွနှင့် မွေးမြထုံကျင်
သန့် စင်ရနံ့  ရင်ထိပြန့် သည်
အံ့သြလောက်ပေါ့ ရခိုင်သဇင်..။
၂။
ဥ, ယူမျိုးယူ နည်းလမ်းယူကာ
တုယူစိုက်ကြ ပွင့်ပုံလှမင့်
သဘာဝဂုဏ်အင် တောနက်ခွင်မှ
ချူငင်ဆွတ်ယူ ပန်းမဉ္ဇူနှင့်
ထပ်တူမာလာ နံ့ မဖြာကြောင်း
လေ့လာသူမှ သိလိမ့်ထင်..။
၃။
အခက်အခဲ ဂယက်ထဲမှ
ရဲရင့်ပြတ်သား သတ္တိများနှင့်
တို့ များညီတူ စိတ်ထားဖြူနှင့်
မွှေးကြူသန့် ရွေး လက်ဆောင်ပေးမည်
ထွေးပွေ့ ယူလှမ်း ပိုက်ထွေးနမ်းပေါ့
“ မြတ်ပန်းသဇင် ” ပန်းတော်ဝင်လေ..။
၎။
တောနက်နက်ကြား ရှားပါးသဇင်
ပန်းတော်ဝင်နှယ် ပျောက်ကွယ်လုလု
ရခိုင်မှုနှင့် အနုပညာ
ဆန်းစုံစွာကို ငါကတခု
သူတခုဖြင့် ပြုစုရေးကြ
ရသစုံဘိ ကျမ်းနှင့်ညှိမို့ 
ဖတ်မိသင့်တွင်
သဇင်လိုမွေး
သဇင်လိုအေး
သဇင်ထွေးရင်း ပီတိနှင်းကျ
ရင်တွင်းသဇင် ပွင့်လိမ့်တကား....။။။။
*
စစ်တွေ-ပွင့်လွှာ

(ဝတီကြေးမုံဘလော့မှ)

ရပ်ဝန်းသို့


မိဝေးဖပျောက် .. နောက်ရောက်နေသူ
ရခိုင်မူတို့  .. အယူတစ်ခြား
သူများအောက်ရောက် .. မြေတောင်မြှောက်သူ
ပေါင်းရှင်းသူလည်း ရှာမတွေ့ ..။
*
ခုဓလေ့မူ .. အတိတ်အယူနဲ့ ခြားနား
ယင်းစားပြန်မရ .. မူရင်းဘ၀နဲ့ ဝေးကွာ
အနေကြာလာရင် .. ဆွေးရိသွားတဲ့အရာလို
တစ်စတစ်စနဲ့  .. ယိုယွင်းသွားတော့မှာလား...
ရင်မှာခံစားမိစဉ် .. နာကြင်သိလား...
လက်လျှော့ခြင်းလား .. ခွဲခြားမရ
ဘ၀နဲ့ ထိုက်တန် .. တန်ရာ တန်ရာ
( အဖြေကတော့ ) သေချာသလောက်ဖြစ်နေပြီ..။
*
ဒီအဖြေကို ဒို့ ပြောင်းလဲ
နှောင်းခဲ့တာတွေကို နောက်ချန်
အမှန်အဖြေကို ထပ်ရွှေး
မှားနေသေးတယ်ထင်ရင် ထပ်ပြင်
အရင်က ဒို့ များရဲ့ ဘ၀ဟာ
နောက်များ မကျသေးပါဘူးနော်...။။
*
ကောတုံကရစ်သား ( ဘင်္ဂလားကမ်းခြေ )
(ဝတီကြေးမုံဘလော့မှ)

ပစ္စုပ္ပန်မှသည်

အမည်ခိုင်ရုံ
မပြည့်စုံချေ
လူတွေခိုင်ဖို့ လိုသလို ။ 


* အမျိုးအရေး
ဟစ်ကြော်ကြွေးပြီး
နောက်ဖေးထွက်ပေါက်မရှာသင့် ...။
*
စုစည်းညီညာ
စုပေါင်းကာဖြင့်
သေချာခိုင်မြဲ
ဒို့ လက်တွဲလျှက်
ရှေ့ ဆက်ခရီးသွားကြစို့ ...။။
*
စစ်တွေ - ကျော်ခိုင်

(ဝတီကြေးမုံဘလော့မှ)

အမွေစဉ်လာထိမ်းကြစို့

ရခိုင်တို့ ပြည်၊ တို့ ဌာနီဟု
တည်ပုံနေကား၊ ရေမြေခြားကာ
ကျွန်းများပါဝင်၊ ပင်လယ်ပြင်နှင့်
တောင်စဉ်ရိုးမ၊ သဘာဝဖြင့်
အလှဆင်လျက်၊ ရှေးမင်းဆက်တို့ 
စုတ်ချက်ပန်းချီ၊ အတိတ်ဆီက
တည်ကာပန္နက်ချခဲ့သည်...။
*
ဘိုးဘေးဘီတင်၊ ရှေးယခင်က
“ဆွေ” စဉ်သွေးအား၊ “မျိုး”ဆက်ပွားရင်း
သားစဉ်မြေးဆက်၊ သမိုင်းရက်တွေ
ပြောင်းလျက်နေလဲ(လည်း )၊ အမျိုးစွဲသည့်
အမြဲရခိုင်သွေးကနီ...။
*
ဓည၀တီ...၊ ဝေသာလီ...ဟု
စသည့်ခေတ်မွေ၊ ပေးခဲ့လေရာ
စာပေဂီတ၊ သံစဉ်လှခဲ့
ဒါနသဒ္ဓါ၊ ကြည်ဖြူစွာနှင့်
ဘာသာတရား၊ ထွန်းလင်းပွားလျက်
စည်ကားပြည်ရွာ၊ တိုးတက်ကာဖြင့်
ပြည်မှာရခိုင်ဝင်ခဲ့ပြီ...။
ရှည်ကြာခုတိုင်တင့်ခဲ့ပြီ...။
*
ရခိုင်တို့ ပြည်၊ တို့ ဌာနီမှာ
တို့ သည်ယခု၊ သွေးပေါင်းစုလို့ 
အားပြုမျိုးဆက်၊ ကွဲမထွက်အောင်
လက်ဆင့်ကမ်းရာ၊ တို့ ဝန်တာဟု
ဘာသာအနု၊ ယဉ်ကျေးမှုတွက်
ပြုစုစာပေ၊ တို့ ဖြန့် ဝေရင်း
အမွေစဉ်လာ၊ ထိန်းကြစို့ ...။။
*
အောင်ပြည့်လင်း ( ဒွါရာမြေ )


(ဝတီကြေးမုံဘလော့မှ)

လမ်းမှန်

အို... ကျေးငှက်
ငှက်စိတ်ပျောက်လို့ ..လူနောက်လိုက်နေ
လူရပ်မြေတွင် .. လူသင်တတ်ထား
လူစကားနှင့် .. ပျော်ပါးနေရ
မြူးတူးရလျှင် .. ကောင်းလေပင်ဟု
မုချသင်က ထင်နေသလား...။
*
အို... ကျေးငှက်
ငှက်တို့ ပျော်ရာ .. သဘာဝနှင့်
သီးနှံကပေါ .. စမ်းရေတောဝယ်
မြူးတူးပျော်ရွှင် .. တောတောင်ခွင်မှာ
ဘာသာဘာဝ .. ကောင်းလေစွကို
သင်က မေ့နေပြီလား...။
*
အို... ကျေးငှက်
သွားလာလှုပ်ရှား .. ပြေးလွှားပျံသန်း
လှောင်အိမ်ခန်းမှာ .. ကျဉ်းကျပ်စွာတည့်
အစာပြည့်စုံ .. ဘ၀ဖုံလည်း
လူဂုဏ်အလယ် .. မပျော်နိုင်...။
*
အို... ကျေးငှက်
စိမ်းညိုသစ်လွင် .. တောတောင်ပြင်ကျယ်
လေလျှင်ကြမ်းတမ်း .. မုန်တိုင်းရမ်းစေ
ပျံသန်းလှုပ်ရှား .. အဖော်များစွာ
အစရှာရ .. မပြည့်ဝလည်း
စိတ်က ပျော်ရွှင်ရလိမ့်မည်...။
*
အို... ကျေးငှက်
တောငဲ့ပျော်ရွှင် .. တောကိုခင်လျှင်
သင့်တွင်တာဝန် .. မှန်ကန်ဖြောင့်မတ်
ဖြစ်ရသစ္စာ .. သင့်ရိုးရာနှင့်
ဘာသာစကား .. လေးစားပါမှ
ကျေးငှက်ဖြစ်ရ .. သင့်ဘ၀သည်
မုချလမ်းမှန် သွားလိမ့်မည်...။။။
*
ခိုင်လင်း ( အဉ္စနနဒီ )


(ဝတီကြေးမုံဘလော့မှ)

ပန်းတောထဲမှ စွန်ရဲငှက်

ပန်းတောထဲမှာ
မျက်နှာဝှက်လျှက် ... စွန်ရဲငှက်ငယ်။
*
ကောင်းကင်တိမ်ထဲ ... ပျံတက်ရဲသည့်
ဇွဲသတ္တိတွေ ... ဘယ်ပျောက်နေသလဲ။
*
သားကောင်များကို ... တအားထိုးသုတ်
ခြေနှင့်ကုတ်ကာ ... တွန့် ဆုတ်မရှိ
သင့်သတ္တိတွေ ဘယ်ပျောက်နေသလဲ။
*
လေပြေဆင်တော့
သစ်ပင်ကြိုကြား ... တအောင့်နားပေါ့
အားမွေးနားယူ ... လုံ့ လထူပေါ့။
*
ပန်းကြွေတောမှာ
မိန်းမောတွေဝေ ... ငေးမနေနဲ့ 
တေပေလေလွင့် ... ဂုဏ်မတင့်ဘူး။
*
သင့်တကိုယ်လုံး ... ပန်းနံ့ ဖုံးကာ
အသုံးမကျဖြစ်ရတော့မယ်။
*
ဆက်နွယ်စဉ်းစား ... တိမ်ယံကြားမှာ
အားမာန်တင်း၍ ပျံပါဦး...။။
*******
သန္တာမြေ - မောင်ထွန်းနောင် 

(ဝတီကြေးမုံဘလော့မှ)

Sunday, April 3, 2011

ရက်တရက်၏ နာရီစက်ဝန်း

မိုးသောက်နံနက်၊ အာရုဏ်တက်မှ
ညဥ့်နက်သန်းခေါင်၊ ရောင်နီလင်းဖြာ
နာရီစက်ဝန်း၊ လည်ပတ်ယွန်းလျက်
ထိုတရက်တွင်၊ သင်တို့ ငါတို့ 
ဘာလုပ်နေကြပါသနည်း...။
*
စီးပွားဥစ္စာ၊ ဘာဝနာနှင့်
ဒါနအလှူ၊ ပညာယူလျက်
အကျိုးသက်ရောက်ခဲ့သလော...။
*
ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ပြည်သာဖို့ 
သာမှုနာမှု၊ ပြုပါ၏လော...။
*
သောက်စားမြူးထူး၊ အပျော်ကြူးလျက်
ရူးမူးလျှောက်လည်နေသလော...။
*
အတင်းအဖျင်း၊ လေကြောခင်းကာ
ငြင်းခုံဝေဖန်နေသလော...။
*
တွေဝေငေးမော အပျင်းတောဝယ်
ကျောခင်းလဲလျောင်း နေသလော...။
*
အချိန်ဟူကား၊ ရွေ့ ရွေ့ သွားလျက်
အစားထိုးမရ၊ ကုန်ဆုံးရ၏
တွေးဆမျှော်လျက်၊ ထိုတရက်၌
ကျိုးသက်ရောက်၏၊ ရှိမရှိကို
အသိချိန်ချင့်
ဆန်းစစ်သင့်ပြီလေတကား...။။။
*****
မေဃမင်းသူရိန်


(ဝတီကြေးမုံဘလော့မှ) 

အတ္တရေအိုင်ခွက်ထဲမှ ရုန်းထွက်ခြင်း

ရခိုင်သား ... အနောက်သား
ချောင်းသား ... ရမ်းဗြဲသား
ခွဲခြားသတ်မှတ် ... နေတတ်ခဲ့ငါ...။
*
အ၀ကျွန်းသား ... မာန်အောင်သား
မြောက်ပိုင်းသား ... တောင်ပိုင်းသား
ဘောင်ခြားသတ်မှတ် ... နေတတ်ခဲ့ငါ...။
*
သမိုင်းစဉ်လာ ... ကိုယ့်ရိုးရာကို
ဖွေရှာဆန်းစစ် ... လေ့လာဖြစ်တော့
သွေးစစ်မျိုးရင်း ... အူတုံဆင်းတို့ 
အချင်းချင်းမြင်မှား ... တစိမ်းသားလို
ခွဲခြားနိမ့်ချ ... သုံးမကျသည့်
အတ္တသဲသဲ ... မာန်ကဲကဲနှင့်
အိုင်ထဲမှဖားငယ် ... မြင်မကျယ်သို့ 
'နယ်မြေ' ' ပြောမှု ' အကြောင်းပြု၍
မျိုးစုပိုင်းခြား ... မှားကြီးမှားမှန်း
ပြတ်သားတွေးဆ ... အသိရခဲ့...။
*
နာမမွှေးကြိုင် ... ပြည်မဏ္ဍိုင်မှာ
ရခိုင်သား ... ရမ်းဗြဲသား ... မခွဲခြားတော့...။
အ၀ကျွန်းသား ... ချောင်းသား ... မခွဲခြားတော့...
နောက်သား ... မာန်အောင်သား ... ဘောင်မခြားတော့...
မြောက်ပိုင်းသား ... တောင်ပိုင်းသား ... ဘောင်မခြားတော့ ...
*
ပြည်သားပီပီ ... လေးဝတီမှ
ညီနောင်အများ ... ကိုယ့်သွေးသားကို
ခွဲခြားသတ်မှတ် ... မနေအပ်တော့
ရှက်တတ်လာသည့်ငါ....။။။။
*****
ခိုင်လင်းမောင် ( ပန်းမြိုင်လယ် )

(ဝတီကြေးမုံဘလော့မှ)

ရခိုင်သဇင်မြေ

ရခိုင်ဒေသ၊ ကျော်ကြားလှသည့်
ရိုးမတံတိုင်း၊ အပြိုင်းပြိုင်းနှင့်
ရှုတိုင်းသာယာ၊ ရေဇလာသည်
ဖြူပြာလှိုင်းကြွ၊ တဖြဖြ ။
*
ရခိုင်ဒေသ၊ ရှုတိုင်းလှသည့်
မြစ်မလေးသွယ်၊ မြစ်ငယ်ပေါင်းဆက်
တိုးတက်ဖြိုးစည်၊ ကျွန်းပတ်လည်၌
ဖြစ်တည်ဝေဖြော၊ မြလယ်ယာတို့ 
ပြည်ရွာနှံ့ ထွေ ဘဏ္ဍာငွေ ။
*
ရခိုင်ဒေသ၊ သာယာလှသည့်
စိမ်းမြမြသွင်၊ သန့် စင်ကြည်လွန်း
လခြမ်းထင်ပေါ်၊ ပင်လယ်အော်သည်
ဖော်ကျူးသာစွ၊ ဂုဏ်ပြည့်ဝ ။
*
ရခိုင်ဒေသ၊ ဖော်ရွေကြသည့်
ရွှင်ပျဆီးကြို၊ သဒ္စါပို၍
ရွှေအိုဘုရား၊ စေတီများနှင့်
ထူးခြားဆန်းကြယ်၊ အံ့ဖွယ်တည်ရာ
သာသနာမြတ်၊ ထွန်းတောက်လတ်သည့်
ရှေးခေတ်သက်သေ သဇင်မြေ.....။။။
*
ထက်အောင်လင်း
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories